မြန်မာရုပ်ရှင် အစည်းအရုံးမှ နာယက ဦးအောင်လွှင်နှင့် အစည်းအရုံး မှ
တွဲဘက် အတွင်းရေးမှူး ကိုဖြိုးတို့ ဦးဆောင်သော အဖွဲ့သည် ဒုက္ခရောက်နေကြသော
ရခိုင်တိုင်းရင်းသားများကို အကူအညီများ ဆက်လက် ပေးအပ်ရန် အတွက် ယမန်နေ့က
မောင်တောမြို့သို့ ရောက်ရှိလာသည်။
ယခု ခရီးစဉ် အတွင်း မီးရှို့ခံရသော ဘုန်းတော်ကြီးကျောင်း (၈) ကျောင်း
ပြန်လည် တည်ဆောက်ရေးနှင့် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ
ကူညီပေးရေးတို့ကို ဆောင်ရွက် သွားမည်ဟု ရုပ်ရှင် အစည်းအရုံး နာယက
ဦးအောင်လွှင်က ပြောသည်။
“ ဇူလိုင်လ ၁ ရက်နေ့မှာ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းနဲ့
ရုပ်ရှင် မင်းသား မင်းသမီး ၅၀ ခန့်က စစ်တွေကို ကိုယ်တိုင် လာရောက်ခဲ့ကြပြီး
သိန်းပေါင်း ၂၀၀၀ ကူညီ လှူဒါန်းခဲ့ကြတယ်။ အခု ခရီးစဉ်မှာလည်း
ကျွန်တော်တို့ ကျပ် သိန်းပေါင်း ၂၀၀၀ ကျော် ကူညီ လှူဒါန်းသွားမှာ
ဖြစ်ပါတယ်။ အခုတခါတော့ ကိုယ်တိုင် ကိုယ်ကျ လာပြီး အဓိကတော့
မောင်တောမြို့နယ်က မီးရှို့ခံလိုက်ရတဲ့ ဘုန်းတော်ကြီးကျောင်း (၈)
ကျောင်းကို ကျပ် သိန်း ၂၀၀ နဲ့ မတည်ပြီး ဆောက်ပေးပါမယ်။ နောက်ထပ်
အလှူရှင်တွေ ပေါ်လာရင်လည်း ကျောင်းတွေကို ပိုမို ခိုင်ခန့် ကြီးကျယ်စွာ
တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခု ခရီးစဉ်အတွင် ဦးအောင်လွှင် ဦးဆောင်သော ရုပ်ရှင် အစည်းအရုံး
အဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများ အပါအ၀င်
မင်းဂံ၊အောင်ဒိုင်၊ ကူတောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များသို့
ကိုယ်တိုင် သွားရောက်ပြီး လှူဒါန်းကူညီခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ရဲ့ ဒီခရီးစဉ်ကို အလိုတော်ပြည့် ဆရာတော်ကြီးက
စီစဉ်ပေးတဲ့ အတွက် ဆရာတော်ကြီးရဲ့ အစီအစဉ်နဲ့ဘဲ လိုက်ပါပြီး ကူညီပေးနေတာ
ဖြစ်ပါတယ်။ ရခိုင်က တေးသံရှင် မြတ်ခိုင်ကျော်တို့ အပါအ၀င် ဗွီဒီယို
အဖွဲ့တွေလည်း ကျွန်တော်တို့နဲ့ အတူ ပါလာကြပါတယ်။ မနေ့ကလည်း ဘူးသီးတောင်မှာ
ဆန်အိတ်တွေ၊ ကလေးတွေ အတွက် စာအုပ် စာတန်းတွေ လှူဒါန်းကူညီခဲ့ပါတယ်” ဟု
ပြောသည်။
ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင်လည်း ရုပ်ရှင် အစည်းအရုံး
တာဝန်ရှိသူများသည် မောင်တောမြို့ တောင်ပိုင်းရှိ အလယ်သံကျော် ကျေးရွာသို့
သွားရောက်ပြီး ဒုက္ခသည်များအား ဆန်အိတ် ၃၀၀ နှင့် တခြား လိုအပ်သော
ပစ္စည်းများကို သွားရောက် လှူဒါန်းကြမည် ဟုဆိုသည်။
ရုပ်ရှင် အစည်းအရုံးအနေဖြင့် တိုင်းရင်းသားများ အကြားတွင် ချင်း၊ ရှမ်း၊
မြန်မာ၊ ကချင်၊ ရခိုင် မခွဲခြားဘဲ အခက်အခဲ ကျရောက်နေသော ဒေသများသို့
ကိုယ်တိုင်သွားရောက်ပြီး အကူအညီများ ပေးနေကြောင်း၊ ဇူလိုင်လ ၁ရက်နေ့
ရုပ်ရှင် အစည်းအရုံး၏ စစ်တွေ ခရီးစဉ် အပြီး ဇူလိုင်လ ၂ ရက်နေ့တွင်
ကချင်ပြည်နယ် မြစ်ကြီးနား မြို့သို့ သွားရောက်ပြီး အကူအညီများ
ပေးခဲ့ကြောင်း ဦးအောင်လွှင်က ပြောသည်။
ရုပ်ရှင် အစည်းအရုံး အဖွဲ့ဝင် လူကြီးများသာမက ငယ်ရွယ်သော ရုပ်ရှင်
မင်းသား မင်းသမီးများ ကလည်း ဒုက္ခကျရောက်နေကြသော တိုင်းရင်းသား ဒေသများအတွက်
စိတ်အား ထက်သန်စွာဖြင့် ရံပုံငွေများ ရှာဖွေခြင်း၊ ကိုယ်တိုင်
အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းများ ပြုလုပ်နေကြခြင်းမှာ အထူး အားရ
ကျေနပ် စရာကောင်းကြောင်းနှင့် သူတို့၏ လုပ်ဆောင်ချက်များ အတွက်လည်း ကျေးဇူး
တင်ကြောင်း သူက ပြောကြားသည်။
ရုပ်ရှင် အစည်းအရုံးအနေဖြင့် နောက်ထပ်လည်း အကူအညီများကို
ရှာဖွေနေကြောင်း၊ ရရှိလာသော အကူအညီများကို ဒုက္ခကျရောက်နေကြသော
တိုင်းရင်းသား ဒေသအသီးသီးသို့ ဆက်လက် ပေးပို့ ကူညီလှူဒါန်းသွားမည်ဟု
သိရသည်။
လူကြိုက်အများဆုံး
-
မြောက်ဦးမြို့ဝင် တနေရာ (ဓာတ်ပုံ – နိရဉ္ဇရာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဒေသခံတဦးကို လုံခြုံရေးတာဝန် ယူထားသည့် စစ်တပ်က ခေါ်ယူ စစ်ဆေးရ...
-
Tuesday,July 17,2012 ရက်စွဲဖြင့် အင်တာနက် ပေါ်တွင် ပြည်ချစ်သား ရေးသားထား သော ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ကျွန်တော် ကိုယ်တိုင် ငြိ...
-
ပါကစ္စတန်အခြေစိုက် အစွန်းရောက် တာလီဘန်အဖွဲ့က မြန်မာကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ရန်မလိုကြောင်းနှင့် လုံခြု...
-
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ TE SEL ပီနန်အိတ် စက်ရုံမှ လုပ်သားများသည် လစာ တိုးမြှင့်ပေးမှု နှုန်းထားမျ...
-
ကချင်ပြည်နယ်မှာ ဇူလိုင်လကုန်ပိုင်းလောက်အထိ မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွား လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့က...
Wednesday, July 25, 2012
Subscribe to:
Post Comments (Atom)

No comments:
Post a Comment