လူကြိုက်အများဆုံး

Monday, July 23, 2012

တောင်အာရှဒေသ မြေပြိုမှုများ ကြိမ်နှုန်း စိပ်သထက် စိပ်လာ

တောင်အာရှဒေသတွင် မြေပြိုမှုများ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဆက်တိုက်တိုးပွားလာနေသည်ကို တွေ့ရကြောင်း ဘူမိဗေဒပညာရှင်များက ပြောကြားလိုက်ကြသည်။ မိုးရွာသွန်းမှု များပြားခြင်း၊ မြေငလျင် လှုပ်ခတ်နှုန်း ပိုစိပ်လာခြင်း၊ လူသားတို့ကြောင့် ပတ်ဝန်းကျင် ဂေဟစနစ် ပိုမိုထိခိုက် ပျက်ယွင်းလာခြင်းတို့သည် မြေပြိုမှုများ ဆိုးဝါးသထက် ဆိုးဝါးလာရခြင်း အကြောင်းရင်းများဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။ 



မြေပြိုမှုများကြောင့် လူသေဆုံးခြင်း၊ ပစ္စည်းဥစ္စာများ ပျက်စီးခြင်းနှင့် အိုးအိမ်များကို စွန့်ခွာရခြင်းများသည်လည်း တောင်အာရှဒေသတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း သိရသည်။ တောင်အာရှဒေသ ဟိမ၀န္တာတောင်တန်းများ၏ အခြေဒေသများတွင် မိုးရာသီ၌ မြေပြိုမှု အများဆုံး ဖြစ်ပွားတတ်ကြောင်းလည်း သိရသည်။

`အခုနောက်ပိုင်းနှစ်တွေမှာ မြေပြိုနှုန်းတွေ ပိုစိပ်လာတာ တွေ့ရပါတယ်၊ အထူးသဖြင့် အိန္ဒိယ တောင်ပိုင်းဒေသ၊ နီပေါ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် တစ်ချို့ဒေသတွေမှာ မြေပြိုမှု ဖြစ်ပွားနှုန်းတွေ တက်သထက် တက်လာနေပါတယ်´ ဟု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက်သော တောင်အာရှ သဘာဝဘေးဆိုးများ စီမံခန့်ခွဲရေးစင်တာ (SAARC’s) မှ သဘာဝဘေးအန္တရာယ်များဆိုင်ရာ အထူးကျွမ်းကျင်သူ မရီဂန်ကာ ဂါတက်ခ်က ပြောသည်။

စင်တာမှ ကောက်ယူထားသော စစ်တမ်းများအရ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားခဲ့သည့် မြေပြိုမှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် တောင်အာရှဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုနှစ်တွင် မြေပြိုမှုကြောင့် တောင်အာရှမှ လူပေါင်း ၂၈၀ သေဆုံးခဲ့ရကြောင်းလည်း သိရသည်။ ၂၀၁၀ တွင်လည်း တောင်အာရှမြေပြိုနှုန်းများသည် ထို့ထက်မနည်းသောနှုန်းတွင် ရှိနေကြောင်း မစ္စတာ ဂါတက်ခ်က ပြောသည်။
တောင်အာရှဒေသတွင် မြေပြိုမှု အများဆုံး ဖြစ်ပွားနေရခြင်းမှာ မိုးရေချိန် များပြားလွန်းခြင်းနှင့် ဒေသ၏ ဘူမိမြေလွှာဖွဲ့စည်းပုံကြောင့်ဖြစ်ကြောင်း ပါမောက္ခ ဒေးဗစ် ပတ်လေကလည်း ပြောသည်။ ပါမောက္ခ ဒေးဗစ် ပတ်လေသည် ဗြိတိန်နိုင်ငံ ဒါဟမ် တက္ကသိုလ်မှ ဘူမိဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး နီပေါနိုင်ငံ၏ မြေပြိုမှုများနှင့် ဘူမိဖြစ်စဉ်များကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာ စာရင်းပြုစုနေသူလည်း ဖြစ်သည်။

တောင်အာရှဒေသသည် လှုပ်ရှားနေသော ကမ္ဘာ့မြေလွှာချပ် ဆက်ကြောင်းကြီးများ ဆုံရာ နေရာပေါ်တွင် တည်ရှိနေခြင်းကြောင့်လည်း မြေလွှာလှုပ်ရှားမှုများ မကြာမကြာ ဖြစ်ပွားကာ မြေပြိုမှုများ ပိုများရခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် လူသားတို့ ပယောဂကြောင့် ရာသီဥတု ပြောင်းလဲပြီး မိုးရွာသွန်းမှုများ တောင်အာရှဒေသတွင် ပိုလာရခြင်းသည်လည်း မြေပြိုမှုများ မြင့်တက်လာခြင်း၏ အဓိက အကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း မစ္စတာ ပတ်လေက ပြောသည်။

No comments:

Post a Comment