လူကြိုက်အများဆုံး

Wednesday, August 1, 2012

ကျွန်တော်သိတဲ့ ဆရာကြီးမင်းသိင်္ခအကြောင်း တစ်ပိုင်းတစ်စ


ရှစ်လေးလုံး အရေးတော်ပုံကြီး   အတွင်းတုန်းက ရန်ကုန်မြို့မှာ ထူးထူး ခြားခြား ထွက်ပေါ်လာတဲ့ နံရံကပ်ပိုစတာ  တစ်ခုကို ကျွန်တော်ပြန် အမှတ်ရမိပါ တယ်။


ဒီအချိန်မှာ တစ်တိုင်းပြည်လုံးလှည်း နေလှေအောင်း မြင်းဇောင်းမကျန် တစ် ပါတီ စစ်အာဏာရှင် စနစ်ဖြုတ်ချဖို့ သပိတ်မှောက် ဆန်္ဒပြတိုက်ပွဲဝင်နေကြပါ ပြီ။ တစ်နိုင်ငံလုံးမှာ ကျခဲ့ရတဲ့ ကျောင်း သားတွေ၊ ပြည်သူ့ သွေးတွေဟာ စုစည်း လိုက်ရင် မြစ်ကြီးအဖြစ် ချင်းချင်းနီရဲသွား မယ့် အချိန်ပါ။
ကြည်း၊ ရေ၊ လေ တပ်မတော်သား တွေ ပြည်သူလူထုနဲ့ ပူးပေါင်းလာကြပါ ပြီ။ အစိုးရ ၀န်ထမ်းတွေ ဒီမိုကရေစီ တောင်းဆိုဖို့ လမ်းမပေါ် ထွက်လာကြပါ ပြီ။ ဒီအချိန်မှာ ရန်ကုန်မြို့ပေါ်က တိုက် ပွဲဝင် ပိုစတာပေါင်းစုံ ကြားမှာ ကျွန်တော် တို့အလန့်တကြား တွေ့လိုက်ရတဲ့ ပိုစတာ တစ်ခုကတော့ ““ကျော်ဟိန်းဘာလဲ ဘယ် လဲ၊ မောင်သာရ ဘာလဲ ဘယ်လဲ””
ရှစ်လေးလုံး မတိုင်ခင်တုန်းက ဆရာမောင်သာရ ရေးတဲ့ ““နောက်ဆုံး တော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ”” ဆိုတဲ့စာအုပ်ဟာ အလွန်နာမည်ကြီးပါ တယ်။ ကျော်ဟိန်းက ပရိသတ်အင်အား ကြီးတဲ့ ရုပ်ရှင်းမင်းသား၊ မောင်သာရက ပရိသတ်တောင့်တဲ့ စာရေးဆရာ၊ လူထု က ပြည်သူက သူတို့ချစ်တဲ့ သူတို့လေး စားတဲ့ ဒီရုပ်ရှင်မင်းသား၊ ဒီစာရေးဆရာ ကို သူတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲကြားမှာ အတူယှဉ်တွဲမြင်ချင်ရှာကြပါလိမ့်မယ်။
တခြား တခြား ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ တခြားတခြား စာရေး ဆရာ၊ ကဗျာဆရာတွေ ကျောင်းသား ပြည်သူတွေနဲ့ အတူ တိုက်ပွဲဝင်နေတာ မြင်နေရလေတော့ သူတို့နှစ်ဦး ဦးကျော် ဟိန်းနဲ့ ဆရာမောင်သာရတို့ကိုလည်း လူ ထုကြီးက တိုက်ပွဲကြားမှာ တွေ့ချင်ရှာပါ လိမ့်မယ်။ ဒါက ပြည်သူလူရဲ့ ဆန်္ဒပါ။ လူထုက ဒီလိုဆန်္ဒဖြစ်တယ်ဆိုတာ လူထု က အဲဒီအနုပညာသည်တွေကို ချစ်လို့ မြတ်နိုးလို့ တန်ဖိုးထားလို့ပါ။
ဒီအတွက် ဦးကျော်ဟိန်းတို့၊ ဆရာ မောင်သာရတို့ ဘက်မှာလည်း သူ့အ ကြောင်းနဲ့သူ ရှိခဲ့လိမ့်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ နားလည်လက်ခံပေးခဲ့ကြပါ တယ်။
ပြည်သူက ချစ်တဲ့ အနုပညာသမား မှန်ရင် စာပေ၊ ရုပ်ရှင်၊ ဂီတ အနုပညာ ရှင်ဖြစ်ဖြစ် သူ့ရဲ့ အဓိက တာဝန်က ပြည်သူကို ပြန်ချစ်ဖို့ပဲ မဟုတ်လား။
အရေးတော်ပုံကြီးအတွင်းမှာပြည် သူချစ်တဲ့စာရေးဆရာ၊ ကဗျာဆရာတွေ ဟာ ဒီမိုကရေစီ ဟောပြောပွဲတွေ နေ့ မနားညမနား ဖိတ်ကြားခံရပါတယ်။ ဒီအ တွက် စာနယ်ဇင်းသမဂ္ဂ(ဗဟို)နဲ့သက် ဆိုင်ရာ မြို့နယ်ရပ်ကွက် သပိတ်ကော်မ တီတွေက စီစဉ်တာဝန်ယူကြပါတယ်။ လူထု လူတန်းစား အလွှာအသီးသီးကို ကိုယ်စားပြုတဲ့သူတွေဟာ ဒီမိုကရေစီ စင်မြင့်မှာ ရဲရဲတင်းတင်း ရင်ဖွင့်ခဲ့ကြတယ်။  ၂၆ နှစ်တာ မဆလ ခေတ်ရဲ့ အနိဋ္ဌာရုံ တွေကို မကြောက်တမ်း မရွံ့တမ်း ဝေဖန် ထိုးနှက်ခဲ့ကြတာပါ။
ကျွန်တော်တို့ ကဗျာဆရာတွေလည်း  ဖိတ်ကြားခံရလို့ ရန်ကုန်မြို့ နေရာအနှံ့ သာမက မြို့ပြင်ဘက်ပါ ထွက်ပြီး ဟောခဲ့ ရပါတယ်။ တစ်ရက်မှာတော့ မအူပင် သပိတ်ကော်မတီက တကူးတက လာ ရောက် ဖိတ်ခေါ်လို့ ကျွန်တော်နဲ့ နောင် တော် ကျူရှင်ဆရာ၊ စာရေးဆရာတစ်ဦး မအူပင်မှာ ဟောပြောဖို့ လိုက်သွားကြပါ တယ်။ ကျွန်တော်တို့နှစ်ယောက် မအူပင် ဒီမိုကရေစီ ဟောပြောပွဲသွားကြမယ်ဆို တဲ့ သတင်းက ဆရာမင်းသိင်္ခဆီကို ရောက်သွားခဲ့ပါတယ်။
ဒီတော့ ဆရာမင်းသိင်္ခက ကျွန် တော်တို့မြန်မာနိုင်ငံ ကဗျာဆရာတွေရဲ့ သပိတ်စခန်းဖြစ်တဲ့ ၃၃ လမ်း၊ ရွှေကြည် အေး လက်ဖက်ရည်ဆိုင်ကို သူကိုယ်တိုင် ရောက်လာပါတယ်။ သူ့နောက်ကလည်း စစ်ထောက်လှမ်းရေးတွေက တ၀ုန်းဝုန်း လိုက်နေတဲ့အချိန်ပါ။ သူဟောပြောရာ စင်တိုင်း စင်တိုင်းမှာ ပရိသတ်ကလည်း  ၀က်ဝက်ကွဲဖြစ်နေတဲ့အချိန်ပါ။
ဆရာမင်းသိင်္ခမအူပင်သွားပေမယ့်  ကျွန်တော်တို့နှစ်ယောက်ကို သူ့ရဲ့ စာပေ လုပ်သား တရိုတသေ ပေးအပ်ပါတယ်။ ပြီးတော့ သူက အနူးအညွတ်မေတ္တာရပ်ခံ မှာကြားပါတယ်။ ““မောင်ရင်တို့နှစ်ယောက်  ကိုယ့်ဇာတိ မအူပင်ရောက်ရင် ပရိသတ် ရှေ့မှောက်မှာ ကိုယ့်ရဲ့ စာပေလုပ်သား ကဒ်ကို မီးရှို့ဖျက်စီးပေးကြပါ””တဲ့။
ဆရာခနဲ့က ကျွန်တော်တို့ ကဗျာ ဆရာတွေလည်း ပွဲအတော်များများ တွဲ ဟောဖူးကြပါတယ်။ ကျွန်တော့်အနေနဲ့ က ဗိုလ်တထောင်သစ်စက် တစ်ခုမှာ ဆရာခနဲ့အတူ ဟောခဲ့ရပါတယ်။
ဆရာမင်းသိင်္ခဟောပြောပွဲတိုင်းဟာ စစ်သားတွေ။ စစ်ကားကြီးတွေ၊ သံဆူး ကြိုးတွေ ဘေးက ခြံရံ စောင့်ကြပ်ပြီး ဟောခဲ့ပြောခဲ့ရတဲ့ ပွဲတွေချည်းပါပဲ။ ဆရာ မင်းသိင်္ခက တပ်မတော်သားတွေကို တိုက်ခိုက်ပြီး မပြောပါဘူး။ စစ်အာဏာ ရှင်စနစ်နဲ့ စစ်တပ် လက်ဝါးကြီးအုပ် အာ  ဏာရှင်လက်တစ်ဆုပ်စာကိုသာ ဦးတည် တိုက်ခိုက်ဟောပြောတာပါ။ ဆရာခရဲ့ ဟောပြောချက်တွေဟာ မျှတတယ်လို့ လူထုကယူဆကြပါတယ်။ တချို့ တပ် မတော်သားကြီးတွေငိုပြီး ငြိမ်နား ထောင်နေတာ၊ တချို့စစ်သားလေးတွေ လက်ခုပ်လက်ဝါး တီး သြဘာပေးကာ ဆရာခရဲ့ စင်တိုင်းလိုက်လိုလိုမှာ တွေ့နေ ရပါတယ်။
အဲဒီ ဆရာခက သူ့ရဲ့ စာပေလုပ်သား ကဒ်ကို သူ့ဇာတိ မအူပင်မှာ မီးရှို့ခိုင်းလို့ ကျွန်တောတို့ကလည်းအောင်မြင်ခမ်းနား စွာ မီးရှို့ကြတာပါပဲ။
စက်တင်ဘာ(၁၆)ရက်၊ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင် နှစ် ရက်အလို ကန်တော်ကလေး ဖဆပလ ရပ်ကွက် (စစ်ဝန်ကြီးရုံးရှေ့က ဆရာ မင်းသိင်္ခ ဟောပြောပွဲကတော့ မဆလ စစ်တပ်နဲ့လူထုအကြီးအကျယ် အဓိကရုဏ်း ဖြစ်ခဲ့တဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲလို့ ဆိုရ မှာပါ။
စက်တင်ဘာ(၁၆)ရက် စစ်တပ်က အာဏာသိမ်းပိုက်လိုက်ပြီးတဲ့နောက် ဒီမိုကရေစီ အင်အားစုတွေ တချို့တောထဲ ရောက်၊ တချို့ ထောင်ထဲရောက် ကျွန် တော်တို့က NLD  ဌာနချုပ် ခြံကြီးထဲမှာ။ ကျွန်တော်တို့ ဗဟိုရုံးအဖွဲ့မှူးက ဆရာ ဦးဝင်းခက်ပါ။ ဒေါ်စမ်းစမ်းအောင် ချက် ကျွေးတဲ့ ဒီမိုကရေစီထမင်းကို ကျွန်တော် တို့ တိုကင်ယူပြီး စားကြရပါတယ်။ ဆရာ မင်းသိင်္ခလည်း ကျွန်တော်တို့နဲ့ အတူတူ ပါပဲ။
ဆရာမင်းသိင်္ခ တစ်ရုံးလုံးရဲ့ ဝေယျာ ၀စ္စ တွေကို သူတစ်ယောက်တည်းအကုန် လုပ်ပါတယ်။ သောက်ရေအိုးတွေ ရေ ဖြည့်တယ်။ ခြံတစ်ခြံလုံး အမှိုက်တွေ သူ ရှင်းတယ်။ တံမြက်စည်း လှည်းတယ်။ ဆရာခမှာ သာမာန်မာနမရှိသလိုပါပဲ။ အောက်ခြေ အလုပ်တွေ မညည်းမငြူ ဘဲ သူဒိုင်ခံလုပ်နေတာပါ။
အဲဒီအချိန်မှာ စစ်ထောက်လှမ်းရေး တွေက နေ့တိုင်း NLD  ခြံဝလာလာပြီး ဆရာမင်းသိင်္ခကို အပ်ဖို့၊ ထုတ်ပေးဖို့ချည်း  ပြောနေပါတယ်။ ခြံထဲ၊ ရုံးထဲကိုတော့ သူတို့ ၀င်ပြီး မဖမ်းပါဘူး။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို အသိမပေးရ သေးဘူး။ စစ်ထောက်လှမ်းရေးတွေက ဆရာမင်းသိင်္ခ NLD  ခြံထဲမှာ ရှိနေတာ ကို သိနေပြီ။ ထွက်အဖမ်းမခံရင် ဌာနချုပ် ပါ အကြီးအကျယ် ပြဿနာရှာနိုင်တယ်။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ကာယကံ ရှင်ကိုယ်တိုင်ကကော။ ကာယကံရှင်က ကော ဘာလုပ်မလဲ။
မင်းသိင်္ခ ဘယ်လဲ။
နောက်ဆုံးတော့ ဆရာခက ရဲရဲဝံ့ဝံ့ ထွက် အဖမ်းခံလိုက်ပြီး ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ထားရစ်ခဲ့ပါတော့ တယ်။
ကျွန်တော် လွမ်းပါတယ်။ အလွမ်း တွေကို အင်အားအဖြစ် ပြောင်းလဲပစ်ကြ ပါစို့။

from -http://www.hotnewsweekly.com/archives/7875
(၂၀၀၇ အရေးအခင်းနောက်ပိုင်း ပြည်ပရောက်နေတဲ့ ကဗျာဆရာ အောင်ဝေးရေးထားတာပါ။ီးလိုေ ဆာင်းပါးမျိုး ပြည်တွင်းထုတ်ဂျာနယ် မှာ  ပုံနှိပ်ထုတ်ဝေတဲ့ အခါမှာ ပါလာရင် စာပေလွတ်လပ်ခွင့်   တော်တော်လေးရှိနေပြီ ပြောရမှာပါ။)
အောင်ဝေး

No comments:

Post a Comment