လူကြိုက်အများဆုံး

Saturday, July 28, 2012

ဘူးသီးတောင်တွင် ဖမ်းဆီးခံ အန်ဂျီအို ၀န်ထမ်း (၃) ဦးကို ရုံးထုတ်၊ အရပ်သား ၆ ဦး ထောင် ၁၀ နှစ်စီချ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင်  အန်ဂျီအို ၀န်ထမ်း (၃)  ဦးကို ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့က ရုံးထုတ်ခဲ့သည်ဟု မျက်မြင် တစ်ဦးက ပြောသည်။

“ ဦးစောမြင့် အပါအ၀င် နောက်ထပ် မွတ်ဆလင် (၂) ဦး ဖြစ်ပါတယ်။ သူတို့က ယူအန်အိပ်ခ်ျစီအာရ်က ပါ။ သူတို့ကို မောင်တောမှာ ဆူပူမူ ဖြစ်နေစဉ် ဘူးသီးတောင်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
သူတို့အားမည်သည့်အမူနှင့် တရားစွဲဆိုသည်ကို မသိရကြောင်း သူက ပြောသည်။

“ သာမန်လူတွေက တရားရုံးမှာ တက်ရောက် နားမထောင်ရဲဘူး။ သူတို့ကို ဘာအမူတွေနဲ့ တရားစွဲ ဆိုတယ်ဆိုတာကို တိတိကျကျ မသိရဘူး။ ဖမ်းတုန်းကတော့ ဆူပူ ဖြစ်အောင် လုံ့ဆော်မူ၊ ပြည်ပက မတရား အသင်းတွေနဲ့ ဆက်သွယ်မူ စတဲ့ စွဲချက်တွေနဲ့ ဖမ်းတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။
သူတို့အား နောက်အပတ်တွင် ထပ်မံရုံးချိန်းပေးလိုက်သည်ဟု သိရသည်။
တစ်ခြား ဖြစ်စဉ် တစ်ခုတွင် ဇွန်လ (၈) ရက်နေ့က ဘူးသီးတောင်မြို့ သရက်ပြင် ကျေးရွာမှ ဖမ်းဆီးခံခဲ့ရသော ဦးဇော်ကီး အာမတ် အပါအ၀င် မွတ်ဆလင်  (၆) ဦးကို ဇူလိုင်လ ၁၈ ရက်နေ့က ထောင် (၁၀) နှစ်စီ ချမှတ်လိုက်သည်ဟု သိရသည်။
သူတို့အား ပုဒ်မ (၁၄၈) အရ  ဥပဒေနှင့် ဆန့်ကျင်သော ဆူပူမှုတွင် သေစေနိုင်လောက်သော လက်နက် ကိုင်ဆောင်မူဖြင့် ထောင် ၃ နှစ်  ပုဒ်မ (၅၀၆) ဒုတိယပိုင်း  အရ  အသက်အန္တရာယ်ကို ခြိမ်းခြောက်မူဖြင့် ထောင် ၇ နှစ် စုစုပေါင်း ထောင် ၁၀ နှစ် စီ အသီးသီး ချမှတ်လိုက်သည်ဟု သူက ဆက်ပြောသည်။
သူတို့မှာ ဘူးသီးတောင်မြို့အား တိုက်ခိုက်ရန် စီစဉ် ဆောင်ရွက်မူဖြင့် ဖမ်းဆီးခံရသူများ ဖြစ်သည်ဟု ဆိုသည်။
ဘူးသီးတောင်ရဲစခန်းအား အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း ဘာမှ မကြားရဘူးဆိုကာ ဖုံးချသွားခဲ့သည်။
ဘူးသီးတောင်မြို့နယ်တွင် စစ်တွေနှင့် မောင်တောကဲ့သို့ ဆူပူ အကြမ်းဖက်မူ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း ဆူပူ ပြုလုပ်ရန် ကြံစည်မူ စွဲချက်ဖြင့်  မွတ်ဆလင် တချို့ အဖမ်းအဆီးခံခဲ့ရသည်ဟု သိရသည်။

No comments:

Post a Comment